Homeပင်မ Aboutကိုယ်ရေး Researchသုတေသန
Digital Reports Digital 2025: Myanmar Digital 2026: Myanmar Research Tools AI Detector Turnitin Guide
Resourcesအရင်းအမြစ်
E-Book Labစာအုပ်များ Gov Linksအစိုးရဝက်ဘ်ဆိုက် DFM Dark WebDFM Dark Web Lawဥပဒေ
Blogဆောင်းပါးများ Surveyစစ်တမ်း
Research Surveys SME Digital Survey Weather Communication Survey MBIT Test MBTI Level 1 MBTI Level 2 MBTI Level 3 EQ Test EQ TestEQ Test
Contactဆက်သွယ်ရန်
Contact Usဆက်သွယ်ရန် Photosဓာတ်ပုံများ Privacy PolicyPrivacy Policy
Labour Law

၁၉၅၉ ခုနှစ်၊ အလုပ်ခန့်ထားမှုကန့်သတ်ရေး အက်ဥပဒေ
Employment Restriction Act, 1959

ဥပဒေအမှတ် ၂၉ (၁၉၅၉)
၁၉၅၉ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်
ပြည်ထောင်စုမြန်မာနိုင်ငံတော်
ပြင်ဆင် : ၀၅-၀၆-၁၉၇၀
Back to Law

အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်။

ပုဒ်မ ၁
အမည်နှင့် စတင်အာဏာတည်သည့်နေ့ရက်
(၁) ဤအက်ဥပဒေကို၊ ၁၉၅၉ ခုနှစ်၊ အလုပ်ခန့်ထားမှုကန့်သတ်ရေး အက်ဥပဒေဟု ခေါ်တွင်စေရမည်။
(၂) ဤအက်ဥပဒေသည်၊ နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင်အာဏာတည်ရမည့်ပြင် နိုင်ငံတော်သမ္မတသည်၊ အရပ်ဒေသများကိုလည်းကောင်း၊ လုပ်ငန်း အမျိုးအစားကို လည်းကောင်း၊ ပိုင်းခြားပြီး၊ နေ့ရက်များကို ခွဲခြား၍ သတ်မှတ်နိုင်သည်။
မှတ်ချက်။ ။ ဤအက်ဥပဒေသည် ၁၉၆၀ ပြည့်နှစ်၊ ဧပြီလ (၁) ရက်နေ့တွင် စတင်အာဏာတည်သည်။
ပုဒ်မ ၂
အဓိပ္ပါယ်ဖော်ပြချက်

ဤအက်ဥပဒေတွင်၊ အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ မဆန့်ကျင်လျှင်-

(က) အလုပ်သမား ဆိုသည်မှာ၊ ကျွမ်းကျင်မှုလိုသောအလုပ်ကိုသော် လည်းကောင်း၊ အသင့်အတင့် ကျွမ်းကျင်မှုလိုသောအလုပ်ကိုသော်လည်းကောင်း၊ ကျွမ်းကျင်မှုမလိုသောအလုပ်ကို သော်လည်းကောင်း၊ စာရေး စာချီအလုပ်ကိုသော်လည်းကောင်း၊ အလုပ်သင် အလုပ်ကိုသော်လည်းကောင်း၊ လုပ်ကိုင်သူ တစ်ဦးဦးကို ဆိုလိုသည်။
(ခ) အလုပ်ရှင် ဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရဌာန၊ ဌာနခွဲ၊ အစိုးရလက်အောက်ခံ ဘုတ်အဖွဲ့၊ ကော်ပိုရေးရှင်း၊ ကောင်စီ၊ ကော်မီတီ၊ ဘဏ်နှင့်အခြားအဖွဲ့အစည်းတခုခုတွင်၎င်း၊ အမြဲတန်းဖြစ်စေ၊ ယာယီဖြစ်စေ လုပ်ကိုင်သော အလုပ်သမားငါးဦးနှင့် ငါးဦးအထက် လုပ်ကိုင်သည့် သမဝါယမပိုင်၊ သို့မဟုတ် ပုဂ္ဂလိကပိုင် လုပ်ငန်းတခုခုတွင်၎င်း၊ အလုပ်သမား ခန့်ထားပိုင်ခွင့်ရှိသူ၊ သို့မဟုတ်၊ ယင်းသို့ ခန့်ထားပိုင်ခွင့်ကို လွှဲအပ်ထားခြင်းခံရသူကို ဆိုလိုသည်။
(ဂ) နိုင်ငံတော်သမ္မတ ဆိုသည်မှာ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်သမ္မတကို ဆိုလိုသည်။
(ဃ) အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးဌာန ဆိုသည်မှာ၊ ၁၉၅၀ခုနှစ်၊ အလုပ်အကိုင်နှင့် သင်ကြားလေ့ကျင့်ရေးအက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ ဖွဲ့စည်းတည်ထောင်ထားသည့် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးဌာနကို ဆိုလိုသည်။ (ပြင်ဆင် 05.06.1970)
အပိုင်း ၁
အလုပ်သမားများခန့်ထားမှု
ပုဒ်မ ၃
အလုပ်ခန့်ထားမှု ကန့်သတ်ချက်နှင့် ကန့်သတ်ချက်ရပ်စဲခြင်း
(၁) မည်သည့်အလုပ်ရှင်မဆို၊ မိမိ၏ဌာနတွင်ဖြစ်စေ၊ လုပ်ငန်းတွင်ဖြစ်စေ၊ လုပ်ကိုင်သည် အလုပ်သမား နေရာတစ်ခုခု လစ်လပ်သောအခါတိုင်း၊ သို့တည်းမဟုတ် အလုပ်သစ်ပေါ်ပေါက်သည့် အခါတိုင်း၊ ထိုသို့ လစ်လပ်သည့်နေ့ရက်၊ သို့တည်းမဟုတ် ထိုအလုပ်သစ်ပေါ်ပေါက်သည့်နေ့ရက်မှ ခုနှစ် ရက်အတွင်း၊ လစ်လပ်ကြောင်း ကိုဖြစ်စေ၊ ပေါ်ပေါက်ကြောင်းကိုဖြစ်စေ၊ အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးဌာနသို့ အကြောင်းကြားစာ ပေးပို့ရမည့်ပြင်၊ ဖြည့်သွင်းခန့်ထားရမည့် အကြောင်း အရာများကိုလည်း ထိုအကြောင်းကြားစာတွင် အပြည့်အစုံဖော်ပြရမည်။
(၂) အလုပ်ရှင်သည်၊ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးဌာနက ပုဒ်မခွဲ (၃) အရ ပေးပို့သည့် စာရင်းကို ရရှိသည့်နေ့ရက်မှ ခုနှစ်ရက်အတွင်း လစ်လပ်သောနေရာ၊ သို့တည်းမဟုတ် အလုပ်သစ် နေရာအတွက် ထိုစာရင်းတွင်အမည်ပါရှိသော အလုပ်သမားများထဲမှ သင့်တော်သူကို ရွေးချယ်ခန့် ထားရမည်။ ထိုသို့ခန့်ထားခြင်း ခံရသော အလုပ်သမားသည်၊ အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးဌာနတွင် အမည်တင်ထားပြီးသူဖြစ်ရမည်။
(၃) အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးဌာနသည်၊ ပုဒ်မခွဲ (၁) တွင်ရည်ညွှန်းသည့် အကြောင်းကြားစာကို ရရှိသည့်နေ့ရက်မှ ခုနှစ်ရက်အတွင်း၊ အလုပ်သမားများ၏ အမည်စာရင်းကို အလုပ်ရှင်ထံသို့ ပေးပို့ရမည်။
(၄) အလုပ်ရှင်က၊ ပုဒ်မခွဲ (၁) အရ၊ အကြောင်းကြားစာပေးပို့ပြီးနောက်၊ ပုဒ်မခွဲ (၃) တွင် သီးခြား ဖော်ပြထားသည့် ကာလအပိုင်းအခြားအတွင်း၊ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးဌာနက အလုပ် ရှင်ထံသို့ အလုပ်သမားများ မပေးသွင်းနိုင်ကြောင်း အကြောင်းကြားစာပေးပို့လျှင် ဤပုဒ်မခွဲပါ ကန့်သတ် ချက်များသည်၊ ထိုလစ်လပ်သော၊ သို့တည်းမဟုတ် အသစ်ပေါ်ပေါက်သောနေရာနှင့် စပ်လျဉ်း၍ အတည်ဖြစ်ခြင်းမှ ရပ်စဲစေရမည်။
ခြွင်းချက်။ ။ သို့ရာတွင် လစ်လပ်သော၊ သို့တည်းမဟုတ် အသစ်ပေါ်ပေါက်သော နေရာတစ်ခုခုတွင်၊ အလုပ်ရှင်က၊ တည်ဆဲအလုပ်ခန့်ထားရေး စည်းမျဉ်းဥပဒေများအရ၊ မိမိ၏ဌာနမှသော် လည်းကောင်း၊ လုပ်ငန်းမှသော်လည်းကောင်း၊ သင့်တော်သောအလုပ်သမားများကို တိုးတက်ပြောင်းလဲခန့် ထားနိုင် သည်။ ထို့ပြင် ထိုသို့လစ်လပ်သော၊ သို့တည်းမဟုတ် အသစ်ပေါ်ပေါက်သော နေရာတစ်ခုခုတွင် ခန့်ထားရန်မလိုလျှင်၊ ယင်းသို့မလိုသည့်အကြောင်း အချက်အလက်အပြည့်အစုံကို၊ ပုဒ်မခွဲ (၁) အရ ပေးပို့သည့်အကြောင်းကြားစာနှင့် တကွ၊ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးဌာနသို့ ပေးပို့ရမည်။
ပုဒ်မ ၄

ပုဒ်မ ၁ ၏ပုဒ်မခွဲ (၂) အရ သတ်မှတ်ထားသည့် အရပ်ဒေသ၌ရှိသော သတ်မှတ်သည့် လုပ်ငန်းများတွင် ဤအက်ဥပဒေစတင်အာဏာမတည်မီက၊ အလုပ်လုပ်ကိုင်နေကြသော အလုပ်သမား အားလုံး၏ အမည်စာရင်းကို ဤအက်ဥပဒေစတင်အာဏာတည်ပြီးသည့်နောက် သုံးလအတွင်း သက်ဆိုင်ရာ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးဌာနတွင် သက်ဆိုင်ရာ အလုပ်ရှင်က ပေးပို့တင် သွင်းထားကြရမည်။

အပိုင်း ၂
အရပ်ရပ်ဆိုင်ရာပြဋ္ဌာန်းချက်များ
ပုဒ်မ ၅
နည်းဥပဒေပြုအာဏာ

နိုင်ငံတော်သမ္မတသည်၊ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များ အကျိုးသက်ရောက်စေရန် အလို့ငှာ၊ ဤအက်ဥပဒေနှင့်အညီ၊ နည်းဥပဒေများပြုနိုင်သည်။

ပုဒ်မ ၆
ပြစ်ဒဏ်
(၁) အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးဌာနသည် ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက် တစ်ခုခုကိုဖြစ်စေ၊ ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေတစ်ခုခုကို ဖြစ်စေ၊ ဆန့်ကျင်လျှင်၊ သို့တည်းမဟုတ် လိုက်နာရန် ပျက်ကွက်လျှင် ထိုဌာန၏မန်နေဂျာသည်၊ သို့တည်းမဟုတ် တာဝန်ခံ အရာရှိသည်၊ ဌာနဆိုင်ရာ အရေးယူခြင်းခံရမည်။
(၂) ဤပုဒ်မအရဖြစ်သော ပြစ်မှုကို အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးဌာနတွင် အမည်တင်သွင်းထားသည့် သက်ဆိုင်ရာနစ်နာသူ အလုပ်သမား၊ သို့တည်းမဟုတ် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးဌာနသို့ လာရောက်အမည်တင်သွင်းသော နစ်နာသူအလုပ်သမားတို့ကသာ တိုင်တန်းနိုင်ခွင့်ရှိသည်။
(၃) ပုဒ်မခွဲ (၂) အရတိုင်တန်းသော အလုပ်သမားသည်၊ မိမိ၏တိုင်တန်းချက်တွင်၊ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးဌာနကို မိမိကိုယ်တိုင်သိလျက်နှင့် မမှန်ကန်သောစွပ်စွဲချက်များဖြင့် စွပ်စွဲလျှင် သုံးလထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးရာထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ၊ စီရင်ခြင်းခံရမည်။
သို့ရာတွင် ဤပုဒ်မခွဲအရ စီရင်သည့်ငွေဒဏ်သည်၊ ကျပ်တစ်ရာအောက်မနည်းစေရ။
ပုဒ်မ ၇
မည်သူသည် အလုပ်ရှင်ဖြစ်ကြောင်းဆုံးဖြတ်ချက်
(၁) အလုပ်ရှင်သည် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ ဌာနတစ်ခုဖြစ်လျှင်၊ ထိုဌာနတွင် ပါဝင်သူတို့အနက်၊ ဤအက်ဥပဒေပါ ကိစ္စများအလို့ငှာ၊ အလုပ်ရှင်အဖြစ် အလုပ်အကိုင်နှင့် အလုပ် သမားရှာဖွေရေးဌာနတွင် အမည်တင်သွင်းထားသူ မည်သူမဆို ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက် တစ်ခုခုကိုဖြစ်စေ၊ ဤအက်ဥပဒေရပြုသည့် နည်းဥပဒေတစ်ခုခုကိုဖြစ်စေ ဆန့်ကျင်လျှင်၊ သို့တည်း မဟုတ် လိုက်နာရန် ပျက်ကွက်လျှင်၊ ဌာနဆိုင်ရာ အရေးယူခြင်းခံရမည်။
သို့ရာတွင် ယင်းသို့အမည်တင်သွင်းထားခြင်းမရှိလျှင်၊ ထိုဌာန၏အတွင်းဝန်သည် ထိုပြစ်မှုအတွက် ဌာနဆိုင်ရာအရေးယူခြင်းခံရမည်။
(၂) အလုပ်ရှင်သည် တရားဥပဒေအရဖွဲ့စည်းထားသော ဘုတ်အဖွဲ့၊ သို့တည်းမဟုတ် ကော်ပိုရေးရှင်း ဖြစ်လျှင်၊ ထိုအဖွဲ့၊ သို့တည်းမဟုတ် ကော်ပိုရေးရှင်းလက်အောက်တွင် အမှုထမ်းရွက်နေသူတို့ အနက်၊ ဤအက်ဥပဒေပါ ကိစ္စများအလို့ငှာ၊ အလုပ်ရှင်အဖြစ် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေ ရေးဌာနတွင် အမည်တင်သွင်းထားသူသည်၊ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ခုခုကိုဖြစ်စေ၊ ဤ အက်ဥပဒေ အရပြုသည့် နည်းဥပဒေတစ်ခုခုကိုဖြစ်စေ၊ ဆန့်ကျင်လျှင်၊ သို့တည်းမဟုတ်၊ လိုက်နာရန် ပျက်ကွက် လျှင်၊ ဌာနဆိုင်ရာအရေးယူခြင်းခံရမည်။
သို့ရာတွင် ယင်းသို့အမည်တင်သွင်းထားခြင်းမရှိလျှင်၊ ထိုဘုတ်အဖွဲ့၊ သို့တည်းမဟုတ် ကော်ပိုရေးရှင်း၏၊ အထွေထွေမန်နေဂျာသည်သော်လည်းကောင်း၊ တာဝန်ခံအုပ်ချုပ်သူသည်သော်လည်းကောင်း၊ ဌာနဆိုင်ရာအရေးယူခြင်းခံရမည်။
(၃) အလုပ်ရှင်သည် ဒေသန္တရအာဏာပိုင်အဖွဲ့၊ သို့တည်းမဟုတ် ဖက်စပ်လုပ်ငန်း၊ သို့တည်းမဟုတ် သီးခြားပုဂ္ဂိုလ်များ ပါဝင်သည့်အဖွဲ့ဖြစ်လျှင်၊ ထိုဒေသန္တရအာဏာပိုင်အဖွဲ့၏ ဥက္ကဋ္ဌသည်၊ သို့တည်းမဟုတ် ထိုဖက်စပ်လုပ်ငန်းတွင် ဖက်စပ်ပါဝင်သူများ၊ သို့တည်းမဟုတ် ထိုအဖွဲ့တွင် ပါဝင်သူများအနက် မည်သူမဆို၊ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ခုခုကိုဖြစ်စေ၊ ဤအက်ဥပဒေအရ ပြုသည့် နည်းဥပဒေတစ်ခုခုကိုဖြစ်စေ၊ ဆန့်ကျင်လျှင်၊ သို့တည်းမဟုတ် လိုက်နာရန် ပျက်ကွက်လျှင် ပထမပြစ်မှုအတွက် ကျပ်ငါးရာထိ ငွေဒဏ်စီရင်ခြင်းခံ ရမည်။ ထို့ပြင် ဒုတိယအကြိမ်မှစ၍ နောက်ထပ်ကျူးလွန်သည့် ပြစ်မှုအသီးသီးအတွက် အနည်းဆုံးတစ်လ၊ အများဆုံးသုံးလထက် မပိုသောထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ်သုံးရာ၊ အများဆုံးကျပ်ငါးရာထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ၊ စီရင်ခြင်းခံရမည်။
သို့ရာတွင် ထိုဒေသန္တရအာဏာပိုင်အဖွဲ့၊ သို့တည်းမဟုတ် ထိုဖက်စပ်လုပ်ငန်း၊ သို့တည်းမဟုတ် ထိုအဖွဲ့တွင် ပါဝင်သူတို့အနက်၊ ပြည်ထောင်စုမြန်မာနိုင်ငံ၌ နေထိုင်သူတစ်ဦးတစ်ယောက်ကို ဤအက်ဥပဒေပါကိစ္စများအလို့ငှာ၊ အလုပ်ရှင်အဖြစ် ရွေးချယ်ထားပြီးဖြစ်ကြောင်းဖြင့် ထိုဒေသန္တရ အာဏာပိုင်အဖွဲ့၊ သို့တည်းမဟုတ် ထိုဖက်စပ်လုပ်ငန်း၊ သို့တည်းမဟုတ် ထိုအဖွဲ့က၊ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးဌာနသို့ အမည်တင်သွင်းထား ရန်လျှောက်ထားရမည်။ ထို့ပြင် ထိုသူသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်သမျှ ကာလပတ်လုံး မိမိအားအမည် တင်သွင်းထားခြင်းကို ပယ်ဖျက်သည့် နောက်ထပ်လျှောက်လွှာကို၊ အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးဌာနက မရမီသော်လည်းကောင်း၊ မိမိသည်ထိုဒေသန္တရအာဏာပိုင်အဖွဲ့တွင်၊ သို့တည်းမဟုတ် ထိုဖက်စပ်လုပ်ငန်း တွင်၊ သို့တည်းမဟုတ်ထိုအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်မှ၊ သို့တည်းမဟုတ် အစုပါဝင်သူအဖြစ်မှ၊ သို့တည်း မဟုတ် အဖွဲ့ဝင်အဖြစ်မှ ရပ်စဲခြင်းမပြုမီသော်လည်းကောင်း၊ ဤအက်ဥပဒေပါ ကိစ္စများအလို့ငှာ အလုပ်ရှင်ဖြစ်သည်ဟု မှတ်ယူရမည်။
(၄) အလုပ်ရှင်သည်၊ အများပိုင်ကုမ္ပဏီဖြစ်လျှင်၊ ထိုကုမ္ပဏီ၏ လူကြီးများအနက် မည်သည့် ဒါရိုက်တာလူကြီးကိုမဆို သို့တည်းမဟုတ် အနည်းပိုင်ကုမ္ပဏီဖြစ်လျှင်၊ ထိုကုမ္ပဏီတွင် အစုပါဝင်သူများ အနက် မည်သည့်အစုပါဝင်သူကိုမဆို၊ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ခုခုကိုဖြစ်စေ၊ ဤအက်ဥပဒေ အရ ပြုသည့်နည်းဥပဒေတစ်ခုခုကိုဖြစ်စေ၊ ဆန့်ကျင်လျှင်၊ သို့တည်းမဟုတ် လိုက်နာရန်ပျက်ကွက်လျှင် ပထမပြစ်မှုအတွက် ကျပ်ငါးရာထက်မပိုသော ငွေဒဏ်စီရင်ခြင်းခံရမည်။ ထို့အပြင် ဒုတိယအကြိမ်မှစ၍ နောက်ထပ်ကျူးလွန်သည့် ပြစ်မှုအသီးသီးအတွက် အနည်းဆုံးတစ်လ၊ အများဆုံးသုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ်သုံးရာ၊ အများဆုံး ကျပ်ငါးရာထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ၊ စီရင်ခြင်းခံရမည်။
သို့ရာတွင် ထိုကုမ္ပဏီသည်၊ အများပိုင်ကုမ္ပဏီဖြစ်လျှင်၊ ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်သည့် ဒါရိုက်တာလူကြီးတစ်ဦးကိုသော်လည်းကောင်း၊ အနည်းပိုင်ကုမ္ပဏီဖြစ်လျှင်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တွင်နေထိုင်သည့် အစုပါဝင်သူတစ်ဦးကိုသော်လည်းကောင်း၊ ဤအက်ဥပဒေပါ ကိစ္စများအလို့ငှာ၊ အလုပ်ရှင်အဖြစ် ရွေးချယ်ထားပြီးဖြစ်ကြောင်းဖြင့်၊ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးဌာနသို့ အမည်တင်သွင်းထားရန် လျှောက်ထားရမည်။ ထို့ပြင် ယင်းသို့အမည်တင်သွင်းထားသည့် ဒါရိုက်တာ လူကြီးသည်၊ သို့တည်းမဟုတ် အစုပါဝင်သူသည် ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်သမျှ ကာလပတ်လုံး၊ မိမိအားအမည်တင်သွင်းထားခြင်းကို ပယ်ဖျက်သည့်နောက်ထပ် လျှောက်လွှာကို၊ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးဌာနက မရမီသော်လည်းကောင်း၊ မိမိသည်၊ ဒါရိုက်တာ လူကြီးအဖြစ်မှ၊ သို့တည်းမဟုတ် အစုပါဝင်သူအဖြစ်မှ ရပ်စဲခြင်းမပြုမီသော်လည်းကောင်း၊ ဤအက်ဥပဒေပါကိစ္စများအလို့ငှာ အလုပ်ရှင်ဖြစ်သည်ဟု မှတ်ယူရမည်။
ပုဒ်မ ၈
ပြစ်မှုများကို အရေးယူပိုင်ခွင့်

ပထမတန်း ရာဇဝတ်တရားသူကြီးအောက်နိမ့်သော မည်သည့်တရားရုံးကမျှ၊ ဤအက်ဥပဒေအရ ဖြစ်သောပြစ်မှု တစ်ခုခုကို စစ်ဆေးစီရင်ခြင်းမပြုရ။

ပုဒ်မ ၉
တိုင်တန်းနိုင်သူ

ပုဒ်မ ၇၊ ပုဒ်မခွဲ (၃)၊ သို့တည်းမဟုတ် ပုဒ်မခွဲ (၄) အရ ဖြစ်သော ပြစ်မှုကို၊ ဤကိစ္စအလို့ငှာ နိုင်ငံတော်သမ္မတခန့်ထားသည့် အာဏာပိုင်က တိုင်တန်းခြင်းမပြုလျှင် မည်သည့်တရားရုံးကမျှ အရေးမယူရ။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ဦးဝင်းမောင်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုမြန်မာနိုင်ငံတော်

ရန်ကုန်မြို့၊ ၁၃၂၁ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်။
(၁၉၅၉ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်။)

အမိန့်အရ၊
ပါစိန်
နိုင်ငံတော်သမ္မတ၏အတွင်းဝန်