Homeပင်မ Aboutကိုယ်ရေး Researchသုတေသန
Digital Reports Digital 2025: Myanmar Digital 2026: Myanmar Research Tools AI Detector Turnitin Guide
Resourcesအရင်းအမြစ်
E-Book Labစာအုပ်များ Gov Linksအစိုးရဝက်ဘ်ဆိုက် DFM Dark WebDFM Dark Web Lawဥပဒေ
Blogဆောင်းပါးများ Surveyစစ်တမ်း
Research Surveys SME Digital Survey Weather Communication Survey MBIT Test MBTI Level 1 MBTI Level 2 MBTI Level 3 EQ Test EQ TestEQ Test
Contactဆက်သွယ်ရန်
Contact Usဆက်သွယ်ရန် Photosဓာတ်ပုံများ Privacy PolicyPrivacy Policy
Labour Law

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေ
Leave and Holidays Act, 1951

အက်ဥပဒေအမှတ် ၅၈ (၁၉၅၁)
၁၉၅၁ ခုနှစ်၊ နိုဝင်္ဘာလ ၂ ရက်
ပြင်ဆင်: 12.12.1958 · 21.12.1963 · 28.12.1964 · 30.05.2006 · 18.07.2014
Law စာမျက်နှာသို့ ပြန်သွားရန်

သမတအိမ်တော်၊ ရန်ကုန်မြို့။

၁၃၁၃ ခု၊ တန်ဆောင်မုန်းလဆန်း ၄ ရက်။ (၁၉၅၁ ခု၊ နိုဝင်္ဘာလ ၂ ရက်။)

ဖွဲ့စည်းအုပ်ချုပ်ပုံ အ​ခြေခံဥပဒေအရ၊ အောက်ဖေါ်ပြပါ အက်ဥပဒေကိုထုတ်ပြန်ကျေညာသည်။
အောက်ပါအတိုင်း အက်ဥပဒေဖြစ် ပြဋ္ဌာန်းလိုက်သည်။

ပုဒ်မ ၁
အမည်နှင့် စတင်အာဏာတည်သည့်နေ့

(၁) ဤအက်ဥပဒေကို၊ ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေဟု ခေါ်ရမည်။

(၂) ဤဥပဒေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းလုံးတွင် အာဏာတည်စေရမည့်အပြင် အလုပ်အမျိုးအစား၊ လုပ်ငန်းအမျိုးအစား၊ အလုပ်ဌာနအမျိုးအစားအားလုံးနှင့် သက်ဆိုင်စေရမည်။

ပြင်ဆင် 18.07.2014
ပုဒ်မ ၂
အဓိပ္ပါယ် ဖေါ်ပြချက်များ

ဤအက်ဥပဒေတွင် အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေမဆန့်ကျင်လျှင်—

(၁) "နေ့" သို့တည်းမဟုတ် "ရက်" ဆိုသည်မှာ၊ ညဉ့်သန်းခေါင်ချိန်မှစ၍ ရေတွက်သည့် နှစ်ဆယ့်လေးနာရီ ကာလအပိုင်းအခြားကိုဆိုလိုသည်။
(၂) "ခွင့်ရက်" ဆိုရာတွင် လုပ်သက်ခွင့်ရက်၊ ရှောင်တခင်ခွင့်ရက်၊ ဆေးလက်မှတ်ခွင့်ရက်နှင့် မီးဖွားခွင့်ရက် တို့ပါဝင်သည်။
(၃) "လုပ်သက်ခွင့်ရက်" ဆိုသည်မှာ၊ အလုပ်လုပ်ခဲ့သည့် ကာလအပိုင်းအခြားအတွက်သော်၎င်း၊ တာဝန်ဝတ်တရား ဆောင်ရွက်ခဲ့သည့် ကာလအပိုင်းအခြားအတွက် သော်၎င်း၊ ရထိုက်ခွင့်ရှိသောခွင့်ရက်ကို ဆိုလိုသည်။
(၄) "အလုပ်သမား" ဆိုသည်မှာ နေ့စားအလုပ်သမား၊ ယာယီအလုပ်သမားနှင့် အမြဲတမ်းအလုပ်သမားအပါအဝင် စီးပွားရေးလုပ်ငန်းတစ်ခုတွင်ဖြစ်စေ၊ အသက်မွေးဝမ်းကျောင်းအတွက်ဖြစ်စေ မိမိ၏လုပ်အားအပေါ် အားကိုးအားထားပြုလုပ်ကိုင်နေသူကိုဆိုလိုသည်။ သို့ရာတွင် အောက်ပါတို့မပါဝင်ချေ—
(က) ကိုယ်ပိုင်အလုပ်၊ ကိုယ်ပိုင်စက်မှုလက်မှုလုပ်ငန်း သို့မဟုတ် စီးပွားရေးလုပ်ငန်း သို့မဟုတ် ကိုယ်ပိုင်အလုပ်ဌာနလုပ်နေသည့် အလုပ်ရှင်ဖြစ်လျှင် ထိုအလုပ်ရှင်၏ မိဘ၊ ခင်ပွန်း၊ ဇနီး၊ သားသမီး၊ ညီအစ်ကို(အရင်း)၊ ညီအစ်မ(အရင်း) နှင့် မောင်နှမအရင်းများ
(ခ) အလုပ်ကဖြစ်စေ၊ စက်မှုလက်မှုလုပ်ငန်းကဖြစ်စေ သို့မဟုတ် စီးပွားရေးလုပ်ငန်းကဖြစ်စေ၊ အလုပ်ဌာနကဖြစ်စေ ရရှိသောအမြတ်အစွန်းထဲမှ အခကြေးငွေကို မိမိ၏ဝေစုအဖြစ်ဖြင့် ရရှိသူများ
(ဂ) ထမင်းချက်၊ အိမ်သန့်ရှင်းရေး၊ ကလေးထိန်းနှင့် အစောင့်
(ဃ) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အကြောင်းအားလျော်စွာ အခကြေးငွေနှင့်သော်လည်းကောင်း၊ လစာငွေနှင့်သော်လည်းကောင်း ပေးရန်ပြဋ္ဌာန်းထားသည့်ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များရရှိသော နိုင်ငံ့ဝန်ထမ်းများ
(၅) "အလုပ်ရှင်" ဆိုသည်တွင်၊ ကျနစွာဖွဲ့စည်းသည့်၊ သို့တည်းမဟုတ် မဖွဲ့စည်းသည့် ပုဂ္ဂိုလ်တစုနှင့် အလုပ်ရှင်၏အုပ်ချုပ်မှု ကိုယ်စားလှယ်ပါဝင်သည့်ပြင်၊ ကွယ်လွန်သူအလုပ်ရှင်၏တရားဝင် ကိုယ်စားလှယ်လည်း ပါဝင်သည်။
(၆) "လစာငွေ" ဆိုသည်မှာ၊ အခြေခံလစာငွေကို ဆိုလိုသည်။ ရှားပါးစရိတ်ရှိလျှင်၊ အခြေခံလစာငွေနှင့် ရှားပါးစရိတ်နှစ်ရပ်ပေါင်းကို ဆိုလိုသည်။
(၇) "မှတ်ပုံတင်ဆရာဝန်" ဆိုသည်မှာ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥပဒေအရဖြစ်စေ၊ ဆရာဝန်များ၏ မှတ်ပုံတင်စာရင်းထားရှိရေးအတွက် ပြဋ္ဌာန်းသည့် တည်ဆဲဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ မှတ်ပုံတင်ထားသူကို ဆိုလိုသည်။
(၈) "အလုပ်ပိတ်ရက်" ဆိုသည်မှာ ရက်သတ္တပတ် အလုပ်ပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်တို့ကို ဆိုသည်။
(၉) "အခကြေးငွေ" ဆိုသည်မှာ၊ အခကြေးငွေပေးရေးအက်ဥပဒေ ပုဒ်မ ၂(၆) တွင် အဓိပ္ပါယ်ဖေါ်ပြထားသည့် အခကြေးငွေကို ဆိုလိုသည်။
ပြင်ဆင် 30.05.2006, 18.07.2014
ပုဒ်မ ၃
အများပြည်သူ အလုပ်ပိတ်ရက်

(၁) အလုပ်ရှင်က၊ မိမိ၏ အလုပ်သမားအသီးသီးအား၊ သက်ဆိုင်ရာ အခကြေးငွေ သို့တည်းမဟုတ် လစာငွေအပြည့်နှင့် အောက်ပါနေ့များကို အများပြည်သူအလုပ်ပိတ်ရက်အဖြစ်ဖြင့် ခွင့်ပြုရမည်—

"ပြည်ထောင်စု အစိုးရအဖွဲ့ကအမိန့်ကြော်ငြာစာဖြင့် နှစ်စဉ်ထုတ်ပြန်ကြေညာသည့် အများပြည်သူအလုပ်ပိတ်ရက်များ။"

(၂) အများပြည်သူအလုပ်ပိတ်ရက် တရက်သည်၊ ရက်သတ္တပတ် အလုပ်ပိတ်ရက်နှင့်ဖြစ်စေ၊ အခြားအများပြည်သူ အလုပ်ပိတ်ရက်နှင့်ဖြစ်စေ တိုက်ဆိုင်နေလျှင်၊ အခြားနေ့တနေ့ကို အများပြည်သူအလုပ်ပိတ်ရက်အဖြစ်ဖြင့် ပြောင်းလဲ၍ ခွင့်မပြုရ။ သို့ရာတွင် အလုပ်သမားသည် အများပြည်သူအလုပ်ပိတ်ရက်တွင် အလုပ်လုပ်ရလျှင်၊ ထိုနေ့အတွက် ပေးမြဲနှုန်း၏ နှစ်ဆရထိုက်စေရမည်။

(၃) ဗုဒ္ဓဘာသာဝင်မဟုတ်သည့် အလုပ်သမားများအတွက် ထိုအလုပ်သမားများနှင့် အလုပ်ရှင်များအချင်းချင်း သဘောတူညီချက်အတိုင်း သက်ဆိုင်ရာရာ ဘာသာရေး အခါကြီးရက်ကြီးများကို လစာမရှိ အလုပ်ပိတ်ရက်အဖြစ်ဖြင့် ခွင့်ပြုနိုင်သည်။

(၄) အလုပ်ရှင်သည် အလုပ်သမားများအတွက် ရက်သတ္တတစ်ပတ်လျှင် အနည်းဆုံးတစ်ရက်ကို အခကြေးငွေ သို့မဟုတ် လစာငွေအပြည့်ဖြင့် အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်၍ ခွင့်ပြုပေးရမည်။

ပြင်ဆင် 21.12.1963, 28.12.1964, 18.07.2014
ပုဒ်မ ၄
လုပ်သက်ခွင့်ရက်

(၁) အလုပ်ရှင်သည် မိမိ၏အလုပ်ကို တစ်ဆက်တည်း ဆယ့်နှစ်လပြည့်အောင်လုပ်ခဲ့သည့် အလုပ်သမားအသီးသီးအား နောက်လာမည့် ဆယ့်နှစ်လအတွင်းတွင် သက်ဆိုင်ရာ ပျမ်းမျှအခကြေးငွေဖြင့်ဖြစ်စေ၊ ပျမ်းမျှလစာငွေဖြင့်ဖြစ်စေ လုပ်သက်ခွင့်ရက်ကို ဆယ်ရက်တစ်ဆက်တည်း ခွင့်ပြုရမည်။

(၂) အလုပ်သမားသည်၊ တလလျှင် အနည်းဆုံးနှစ်ဆယ့်လေးရက် အလုပ်လုပ်ခဲ့သူလည်းဖြစ်၍၊ အလုပ်ကို တဆက်တည်း ဆယ့်နှစ်လပြည့်အောင် လုပ်ပြီးသည်လည်းဖြစ်လျှင်၊ လုပ်သက်ခွင့်ရက်ကိုခွင့်ပြုရမည်။ သို့ရာတွင် အလုပ်သမားသည်၊ ရက်နှစ်ဆယ်ပြည့်အောင် မလုပ်ခဲ့သောလတိုင်းအတွက်၊ မိမိလုပ်သက်ခွင့်ရက်မှ တရက်ကျစီ အဖြတ်ခံရမည်။

ရှင်းလင်းချက် — အလုပ်သမားသည် ဆယ့်နှစ်လအတွင်း မကျန်းမာသောကြောင့်ဖြစ်စေ၊ မတော်တဆ ထိခိုက်မှုကြောင့်ဖြစ်စေ၊ ဤအက်ဥပဒေအရ ခွင့်ပြုသော အခြားပျက်ကွက်မှုကြောင့်ဖြစ်စေ (ထိုပျက်ကွက်မှုသုံးမျိုးပေါင်းသည် ရက်ကိုးဆယ်ထက် မကျော်လွန်စေဘဲ) အလုပ်ပျက်ကွက်စေကာမူ ထိုအလုပ်သမားသည် မိမိ၏အလုပ်ကို တဆက်တည်း ဆယ့်နှစ်လပြည့်အောင်လုပ်ခဲ့သူဟု မှတ်ယူရမည်။

(၃) အလုပ်ရှင်သည်၊ မိမိအလုပ်သမားအား လုပ်သက်ခွင့်ရက်ယူနိုင်စေရန် ထိုသူ၏လုပ်သက်ခွင့်ရက်နှင့် သက်ဆိုင်သည့်တဆယ့်နှစ်လဖြစ်သော ကာလ၏နောက်ဆုံးနေ့မှ စ၍ သုံးလအတွင်း အချိန်ကို သတ်မှတ်ပေးရမည်။ သဘောတူညီလျှင်၊ သုံးနှစ်ထက်မပိုသောကာလအတွက် လုပ်သက်ခွင့်ရက်ကိုစုပေါင်း၍ မည်သည့်အချိန်တွင်မဆို ပေးနိုင်သည်။

(၄) လုပ်သက်ခွင့်ရက်ရသည့် အလုပ်သမားအား ခွင့်ပြုသည့် ကာလအတွက် သက်ဆိုင်ရာ အခကြေးငွေ သို့မဟုတ် လစာငွေကို ခွင့်ရက်မစမီ ထုတ်ပေးရမည်။

(၅) လုပ်သက်ခွင့်ရက်ရထိုက်သည့် အလုပ်သမားသည် မိမိရထိုက်သည့် ခွင့်ရက်များကို မယူသေးမီ အလုပ်မှနုတ်ထွက်လျှင်၊ ထုတ်ပစ်ခြင်းခံရလျှင် သို့မဟုတ် သေဆုံးလျှင်၊ ထိုအလုပ်သမားအား သို့မဟုတ် တရားဝင်ကိုယ်စားလှယ်အား ပျမ်းမျှနေ့စဉ်နှုန်းထားနှင့် ညီမျှသည့်နှုန်းအတိုင်း တွက်စစ်၍ ပေးရမည်။

ပြင်ဆင် 30.05.2006
ပုဒ်မ ၅
ရှောင်တခင်ခွင့်ရက်

(၁) အလုပ်သမားသည်၊ သက်ဆိုင်ရာ အခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ၊ ရှောင်တခင် ခွင့်ရက်ကို တနှစ်လျှင် စုစုပေါင်း ခြောက်ရက် ရနိုင်ခွင့်ရှိစေရမည်။

ခြွင်းချက် — ကုန်းလမ်းခရီးဖြင့်ဖြစ်စေ၊ ရေလမ်းခရီးဖြင့်ဖြစ်စေ ခရီးဝေးသွားရန် အကြောင်းရှိလျှင်မှတပါး သို့တည်းမဟုတ် မိမိကိုးကွယ်သည့် ဘာသာဓလေ့ထုံးတမ်းစဉ်လာအရ အကြောင်းထူးများရှိလျှင်မှတပါး တကြိမ်လျှင် အများဆုံးသုံးရက်ထက်ပို၍ ရနိုင်ခွင့်မရှိစေရ။

(၂) ရှောင်တခင်ခွင့်ရက်ကို အခြားမည်သည့်ခွင့်ရက်တမျိုးမျိုးနှင့်မျှ မပေါင်းစပ်ရ။

(၃) အလုပ်သမားသည်၊ မိမိရထိုက်သော ရှောင်တခင် ခွင့်ရက်ကို သက်ဆိုင်ရာ နှစ်အတွင်း မယူလျှင်၊ ထိုခွင့်ရက်သည် ပျက်ပြယ်စေရမည်။

ပြင်ဆင် 12.12.1958
ပုဒ်မ ၆
ဆေးလက်မှတ်ခွင့်ရက်

(၁) အလုပ်သမားသည်၊ သက်ဆိုင်ရာ အခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ၊ တနှစ်လျှင် ရက်ပေါင်း သုံးဆယ်ထက်မပိုသော ကာလအပိုင်းအခြားအတွက် ဆေးလက်မှတ်ခွင့်ရက်ကို ရနိုင်ခွင့်ရှိစေရမည်။

ခြွင်းချက် — သို့ရာတွင် အလုပ်သမားသည် အနည်းဆုံးခြောက်လပြည့်အောင် အလုပ်မလုပ်ခဲ့သေးသမျှ ဆေးလက်မှတ်ခွင့်ရက်ကို ရထိုက်ခွင့်မရှိစေရ။ အဆိုပါ ခွင့်ရက်ပေးရာတွင် သုံးရက်ဆိုင်းငံ့ပြီးမှ ပေးရမည်။ ထိုသို့ ဆိုင်းငံ့ရသည့်သုံးရက်အတွက် ထိုအလုပ်သမားအား ပေးမြဲလစာငွေ သို့မဟုတ် ပေးမြဲ အခကြေးငွေ၏ ထက်ဝက်ပေးရမည်။

(၂) သက်ဆိုင်ရာဆရာဝန်ထံမှ ဆေးလက်မှတ်တင်ပြလျှင် ထိုဆေးလက်မှတ်ဖြင့် ခွင့်ရက်ကိုပေးရမည်။

(၃) ပယ်ဖျက်

(၄) ဆေးလက်မှတ်ခွင့်ရက်ရသော အလုပ်သမားသည် ခွင့်ရက်နှင့်နေသည့် ကာလအပိုင်းအခြားအတွင်း သက်ဆိုင်ရာ မိမိ ရထိုက်ခွင့်ရှိသော အခကြေးငွေ သို့မဟုတ် လစာငွေကို ရက်သတ္တပတ်စဉ်ပေးရန် တောင်းဆိုလျှင် တောင်းဆိုသည့်အတိုင်းပေးရမည်။

(၅) အလုပ်သမားသည် မိမိရထိုက်သော ဆေးလက်မှတ်ခွင့်ရက်ကို သက်ဆိုင်ရာနှစ်အတွင်း မယူလျှင်၊ ထိုခွင့်ရက်သည် ပျက်ပြယ်စေရမည်။

ပြင်ဆင် 18.07.2014
ပုဒ်မ ၇
ခွင့်ရက်ကို ပေါင်း၍ဖြစ်စေ၊ ဆက်၍ဖြစ်စေ ပေးခြင်း

ပုဒ်မ ၆ ၏ ပုဒ်မခွဲ (၅) ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ဆေးလက်မှတ်ခွင့်ရက်ကို လုပ်သက်ခွင့်ရက်နှင့် တဆက်တည်းခွင့်ပြုနိုင်သည်။

ပုဒ်မ ၇-က
မီးဖွားခွင့်ရက်

ကိုယ်ဝန်ဆောင်အမျိုးသမီး အလုပ်သမားများအား မီးမဖွားမီ ရက်သတ္တပတ်ခြောက်ပတ်နှင့် မီးဖွားပြီး ရက်သတ္တပတ်ရှစ်ပတ်ကို သက်ဆိုင်ရာ အခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ မီးဖွားခွင့်ရက်အဖြစ်ဖြင့် ခွင့်ပြုရမည်။ မီးဖွားခွင့်ရက်ကို ဆေးလက်မှတ်ခွင့်ရက်နှင့် ဆက်စပ်ခံစားခွင့်ပြုနိုင်သည်။

ပြင်ဆင် 18.07.2014
ပုဒ်မ ၈
တဆက်တည်းဆယ့်နှစ်လ မလုပ်ရသည့် အလုပ်နှင့်စပ်လျဉ်းသည့် ခွင့်ရက်

ပုဒ်မ ၄၊ ပုဒ်မ ၅ နှင့် ပုဒ်မ ၆ တွင် မည်သို့ပင်ပါရှိစေကာမူ၊ ဆယ့်နှစ်လပတ်လုံး တဆက်တည်း မလုပ်ရသည့် အလုပ်တခုခုတွင် လုပ်သည့် အလုပ်သမားသည်၊ လုပ်သက်ခွင့်ရက်ကို သို့တည်းမဟုတ် ရှောင်တခင်ခွင့်ရက်ကို သို့တည်းမဟုတ် ဆေးလက်မှတ်ခွင့်ရက်ကို မိမိလုပ်သက်၏ အချိုးကျအတိုင်း ရနိုင်စေရမည်။

ပုဒ်မ ၉
ခွင့်ရက် အလုပ်ပိတ်ရက်နှင့် စပ်လျဉ်းသည့် သဘောတူစာချုပ် ပျက်ပြယ်ခြင်း

ဤအက်ဥပဒေတွင် ပြဋ္ဌာန်းထားသည့် အောက် အကျိုးယုတ်လျော့သောစည်းကမ်းချက်များဖြင့် ခွင့်ရက်ကိုဖြစ်စေ၊ အလုပ်ပိတ်ရက်ကိုဖြစ်စေ ယူရန်၊ အလုပ်သမားက ချုပ်ဆိုသည့် အလုပ်သဘောတူစာချုပ် သည်၊ သို့တည်းမဟုတ် အလုပ်ပဋိညာဉ်စာချုပ်သည် အလုပ်ရှင်၏တာဝန်ကို ယုတ်လျော့စေသည့် သဘောသက်ရောက်သည်နှင့်အမျှ ပျက်ပြယ်ရမည်။

ပုဒ်မ ၁၀
ကင်းလွတ်ချက်များ

(၁) အလုပ်တွင်သော်၎င်း၊ စက်မှုလက်မှုလုပ်ငန်းတွင်သော်၎င်း၊ အလုပ်ဌာနတွင်သော်၎င်း၊ ပိုင်ရှင် အပြောင်းအလဲမည်သို့ပင်ရှိစေကာမူ၊ ထိုအပြောင်းအလဲကြောင့် ဤအက်ဥပဒေအရ အလုပ်သမားရထိုက်သော အခွင့်အရေးများကို မထိခိုက်စေရ။

(၂) ဤအက်ဥပဒေတွင် ပြဋ္ဌာန်းထားသည်ထက် ပိုမိုကောင်းမွန်သည့် အခွင့်အရေးများထားရှိသော အခြားဥပဒေ၊ အဆုံးအဖြတ်၊ အလုပ်သဘောတူစာချုပ်၊ ထုံးစံဓလေ့အရ အလုပ်သမားခံစားခွင့်ရှိသော အခွင့်အရေးများကို ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်တခုခုကြောင့် မနစ်နာစေရ။

ပုဒ်မ ၁၁
မှတ်ပုံစာအုပ်များနှင့် မှတ်တမ်းများ

အလုပ်ရှင်တိုင်းသည်၊ မှတ်ပုံစာအုပ်များနှင့် မှတ်တမ်းများကို ပြဋ္ဌာန်းထားသည့်အတိုင်း ထိန်းသိမ်းထားရှိရမည်။

ပုဒ်မ ၁၂
စစ်ဆေးရေးအရာရှိ

(၁) အလုပ်ရုံများ အက်ဥပဒေအရ ခန့်ထားသည့် အလုပ်ရုံစစ်ဆေးရေးအရာရှိသည်၊ မိမိအားတာဝန်ချထားသော ဒေသဆိုင်ရာနယ်နိမိတ်များအတွင်းရှိ အလုပ်ရုံအားလုံးနှင့် စပ်လျဉ်း၍ ဤအက်ဥပဒေပါ ကိစ္စများအလို့ငှါ စစ်ဆေးရေးအရာရှိဖြစ်ရမည်။

(၂) အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည်၊ အမိန့်ထုတ်ပြန်၍ မိမိသင့်တော်သည်ထင်မြင်သည့် အခြားပုဂ္ဂိုလ်ကို ဤ အက်ဥပဒေပါ ကိစ္စများအလို့ငှါ စစ်ဆေးရေးအရာရှိအဖြစ် ခန့်ထားနိုင်သည်။

(၃) စစ်ဆေးရေးအရာရှိသည်၊ ဤအက်ဥပဒေပါ ကိစ္စများကို ဆောင်ရွက်ရန် လိုအပ်သည်ဟု မိမိထင်မြင်သည့်အတိုင်း မှတ်ပုံစာအုပ် သို့မဟုတ် မှတ်တမ်းကို သင့်လျော်သောအချိန်တွင် မည်သည့်ဥပစာကိုမဆို ဝင်ရောက်ကြည့်ရှု၍ စစ်ဆေးနိုင်သည်။

(၄) စစ်ဆေးရေးအရာရှိအသီးသီးသည်၊ ရာဇသတ်ကြီးပုဒ်မ ၂၁ အရ၊ ပြည်သူ့ဝန်ထမ်း ဖြစ်သည်ဟု မှတ်ယူရမည်။

ပြင်ဆင် 30.05.2006, 18.07.2014
ပုဒ်မ ၁၃
ကင်းလွတ်ခွင့်ပြုနိုင်သည့် အာဏာ

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်၊ အမိန့်ထုတ်ပြန်၍ အလုပ်အမျိုးအစားတခုခုကို သော်၎င်း၊ စက်မှုလက်မှုလုပ်ငန်းအမျိုးအစားတစ်ခုခုကိုသော်၎င်း၊ အလုပ်ဌာနအမျိုးအစားတခုခုကိုသော်၎င်း ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်အားလုံးမှဖြစ်စေ၊ ပြဋ္ဌာန်းချက်တခုခုမှဖြစ်စေ ကင်းလွတ်ခွင့်ကို ပြုနိုင်သည်။

ပြင်ဆင် 18.07.2014
ပုဒ်မ ၁၄
ပြစ်ဒဏ်

(၁) အလုပ်ရှင်တဦးဦးသည်၊ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်တခုခုကို ကျူးလွန်လျှင်၊ ထိုအလုပ်ရှင်သည် သုံးလထက်မပိုသော ထောင်ဒဏ်ကိုဖြစ်စေ၊ ကျပ်ငါးသောင်းထက်မပိုသောငွေဒဏ်ကိုဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ စီရင်ခြင်းခံရမည်။

(၂) မည်သူမဆို ဤအက်ဥပဒေအရ အပ်နှင်းထားသည့်အာဏာကို သုံးစွဲနေသော စစ်ဆေးရေးအရာရှိကို တမင်ဟန့်တားလျှင် သုံးလထက်မပိုသော ထောင်ဒဏ် သို့မဟုတ် ကျပ်ငါးသောင်းထက်မပိုသောငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး စီရင်ခြင်းခံရမည်။

ပြင်ဆင် 30.05.2006, 18.07.2014
ပုဒ်မ ၁၅
မည်သူသည် အလုပ်ရှင်ဖြစ်ကြောင်း ဆုံးဖြတ်ခြင်း

(၁) အလုပ်ရှင်သည်၊ ဘက်စပ်လုပ်ငန်း သို့တည်းမဟုတ် သီးခြားပုဂ္ဂိုလ်များပါဝင်သည့် အဖွဲ့ဖြစ်လျှင်၊ ထိုဘက်စပ်လုပ်ငန်းတွင် ဘက်စပ်ပါဝင်သူများ သို့မဟုတ် ထိုအဖွဲ့တွင် ပါဝင်သူများအနက် မည်သူ့ကိုမဆို၊ အလုပ်ရှင်အား ပြစ်ဒဏ်ပေးနိုင်သည့် ပြစ်မှုတခုအတွက် ဤအက်ဥပဒေအရ တရားစွဲဆို၍ ပြစ်ဒဏ်စီရင်နိုင်သည်။

(၂) အလုပ်ရှင်သည် အများပိုင်ကုမ္ပဏီဖြစ်လျှင်၊ ထိုကုမ္ပဏီ၏ ဒါရိုက်တာလူကြီးများအနက်မည်သည့် ဒါရိုက်တာလူကြီးကိုမဆို အလုပ်ရှင်ကိုပြစ်ဒဏ်ပေးနိုင်သည့် ပြစ်မှုတခုခုအတွက် ဤအက်ဥပဒေအရ တရားစွဲဆို၍ ပြစ်ဒဏ်စီရင်နိုင်သည်။

(၃) အလုပ်ရှင်သည် အစိုးရသော်၎င်း၊ အစိုးရကဖွဲ့စည်းတည်ထောင်ထားသည့်အဖွဲ့သော်၎င်းဖြစ်လျှင် သက်ဆိုင်ရာ အလုပ်ဌာနကိုကြီးကြပ်ရန် တာဝန်ခံရသော ထိုအလုပ်ဌာန၏ အကြီးအကဲအဖြစ်ဖြင့် ခန့်ထားသောသူအား ဤအက်ဥပဒေအရ တရားစွဲဆို၍ ပြစ်ဒဏ်စီရင်နိုင်သည်။

ပြင်ဆင် 30.05.2006
ပုဒ်မ ၁၆
ပြစ်မှုများကို အရေးယူခြင်း

(၁) ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်အရဖြစ်စေ၊ ပြစ်ဒဏ်ပေးနိုင်သည့် ပြစ်မှုတခုခုအတွက်၊ စစ်ဆေးရေးအရာရှိမှတပါး သို့တည်းမဟုတ် စစ်ဆေးရေးအရာရှိ၏ စာဖြင့်ပေးသော ကြိုတင်အခွင့်အမိန့်ကို ရရှိသူမှတပါး အခြားမည်သူကမျှ တရားစွဲဆိုခြင်းမပြုရ။

(၂) ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်အရဖြစ်စေ၊ ပြစ်မှုကို ပဌမတန်းအာဏာရ တရားသူကြီးရုံးအောက် နိမ့်သော မည်သည့်တရားရုံးကမျှ မစစ်ဆေးရ။

ပြင်ဆင် 30.05.2006
ပုဒ်မ ၁၇

ပယ်ဖျက်

ပြင်ဆင် 18.07.2014
ပုဒ်မ ၁၈
နည်းဥပဒေ၊ စည်းမျဉ်းနှင့် အမိန့်ကြော်ငြာများ ထုတ်ပြန်ရေး

ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်—

(က) လိုအပ်သော နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ) လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
ပြင်ဆင် 18.07.2014
လက်မှတ်

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ၊ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

စဝ်ရွှေသိုက်
နိုင်ငံတော်ယာယီသမတ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်

ရန်ကုန်မြို့၊ ၁၃၁၃ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ ရက်
(၁၉၅၁ ခုနှစ်၊ နိုဝင်္ဘာလ ၂ ရက်)

အမိန့်အရ — ပါစိန်၊ နိုင်ငံတော်သမတ အတွင်းဝန် [အမှတ် ၁၀၇]