မင်္ဂလာပါ။ ဒီနေ့တော့ "အိပ်မက်မှသည် ထက်အာကာဆီသို့" ဆောင်းပါးတွဲစဉ်ရဲ့ ဒုတိယ အပိုင်း — အောင်မြင်မှု၏ ဒုတိယမြောက် ခြေလှမ်းဖြစ်တဲ့ "ပြင်းပြတဲ့ ဆန္ဒ (Burning Desire)" အကြောင်းကို ကျွန်မရဲ့ ရှုထောင့်ကနေ မျှဝေပေးချင်ပါတယ်။
"ဆန္ဒဝတော ကိံနာမကမ္မံ နသဇ္ဈတိ" ဆိုတဲ့အတိုင်း — ပြင်းပြတဲ့ ဆန္ဒရှိသူအတွက် မအောင်မြင်နိုင်တဲ့ အလုပ် မရှိပါ။ ကျွန်မတို့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ဆိုရင် ဒီဆန္ဒဟာ အဓိကကျတဲ့ တွန်းအား၊ တစ်နည်းအားဖြင့် လောင်စာဆီပါပဲ။
ဆန္ဒ၏ နှစ်ဖက်သော သဘောတရား
ကြည့်ရအောင်နော်... တကယ်တော့ ဆန္ဒဆိုတာ တစ်မျိုးတည်းပါ။ ဒါပေမယ့် ၎င်း၏ အရင်းခံ စိတ်နေစိတ်ထားပေါ် မူတည်ပြီး ရလဒ်တွေ ကွဲပြားသွားပါတယ်။
(က) အပေါင်းလက္ခဏာဆောင်တဲ့ ဆန္ဒ — ရိုးသားမှု အခြေခံပြီး ကိုယ့်အတွက်ရော အများအတွက်ပါ ကောင်းကျိုးပြုမယ့် အောင်မြင်မှုကို လိုလားတာမျိုးပါ။ နည်းပညာ စွန့်ဦးတီထွင်သူ Bill Gates လိုမျိုးပေါ့။
(ခ) အနှုတ်လက္ခဏာဆောင်တဲ့ ဆန္ဒ — လောဘ၊ ဒေါသ၊ မောဟ အခြေခံပြီး အာဏာနဲ့ ရယူပိုင်ဆိုင်မှုကိုပဲ ရှေ့တန်းတင်တာမျိုးပါ။ သမိုင်းမှာ ပျက်စီးခဲ့သော အာဏာရှင်တချို့လိုပေါ့ — ပြင်းပြတဲ့ ဆန္ဒ ရှိခဲ့သော်လည်း လွဲမှားတဲ့ ဦးတည်ချက်ကြောင့် သမိုင်းမှာ အမည်းစက် ထင်ကျန်ခဲ့သူတွေပါ။
Bill Gates ၏ သင်ခန်းစာ
Bill Gates ဟာ ငွေပုံပေါ်မှာ မွေးလာသူ မဟုတ်ပါ။ သူ့မှာ ရှိတာက "Software ကုမ္ပဏီတစ်ခု ထောင်မယ်" ဆိုတဲ့ ပြင်းပြတဲ့ ဆန္ဒပါ။ အဲဒီဆန္ဒကပဲ သူ့ကို —
၁။ Harvard တက္ကသိုလ်ကနေ ကျောင်းမပြီးခင် ထွက်ဖို့ ပြတ်သားတဲ့ ဆုံးဖြတ်ချက် (Determination) ၂။ Software မရေးရသေးခင် ကုမ္ပဏီကို သွားရောင်းရဲတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (Self-confidence) ၃။ ဂတိပြုပြီးတဲ့နောက် နေ့မအိပ် ညမအိပ် ကြိုးစားတဲ့ ဝီရိယ (Initiative)
တွေကို ပေးခဲ့တာပါ။
ကျွန်မ၏ အမြင်
PhD သုတေသန လုပ်နေတဲ့ အချိန်က တွေ့ရတာက — နည်းပညာ၊ သုတေသန လောကမှာ Fundamentals (အခြေခံအုတ်မြစ်) တွေ ပိုင်နိုင်ဖို့ဆိုတာ အင်မတန် ခက်ခဲပါတယ်။ အဲဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့က ကျွန်မတို့ရဲ့ စိတ်ထဲမှာ "ဒါကို ငါ ရအောင် လုပ်မယ်" ဆိုတဲ့ ပြင်းပြတဲ့ ဆန္ဒ ရှိဖို့ပဲ လိုပါတယ်။ Data ဘယ်လောက်ရှိရှိ၊ နည်းပညာ ဘယ်လောက် တိုးတက်နေပါစေ — အဲဒါတွေကို မောင်းနှင်မယ့် လူသား၏ ဆန္ဒ မရှိရင် ဘာမှ ဖြစ်လာမှာ မဟုတ်ပါ။
ဒါကြောင့် ကျွန်မ ထင်တာက — အောင်မြင်မှုတိုင်း၏ အစဟာ ပြင်းပြတဲ့ ဆန္ဒပါပဲ။ အိပ်မက်ကြီးကြီး ထားပါ။ အဲဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်၊ ကတိကဝတ်နဲ့ ဇွဲလုံ့လ ဝီရိယ ပေါင်းစပ်လိုက်ရင် သင်ဖြစ်ချင်တဲ့ ပန်းတိုင်ကို မလွဲမသွေ ရောက်ရှိပါမယ်။
မိတ်ဆွေတို့ရဲ့ စိတ်ထဲမှာ ဘယ်လို အိပ်မက်တွေအတွက် ပြင်းပြတဲ့ ဆန္ဒတွေ ကိန်းအောင်းနေပါသလဲ။ ဆွေးနွေးပေးသွားပါဦးနော်။
(နောက်အပိုင်း — အပိုင်း ၃ "အိပ်မက်တွေကို ပတ်ဝန်းကျင်ကို ပြောပြပါ — Talk Loud")
ရွှင်လန်းချမ်းမြေ့ကြပါစေ။
#thinyanant #BurningDesire #FromDreamsToTheSky #YouthInspiration #PositiveDesire #Determination #SelfConfidence #Initiative