စဉ်းစားဖို့ တစ်ခုရှိပါတယ်... ဒေသတွင်းက လူငယ်လေးတွေ အိပ်မက်ကြီးကြီး မက်ကြဖို့ ဆရာဗန်းမော်သိန်းဖေရဲ့ စာအုပ်တွေထဲမှာ တိုက်တွန်းထားတာကို ဖတ်ဖူးကြမယ် ထင်ပါတယ်။ အဲဒီ အိပ်မက်တွေကနေတစ်ဆင့် ပြင်းပြတဲ့ ဆန္ဒ (Burning desires) တွေ ထားရှိကြဖို့ကိုလည်း လမ်းညွှန်ထားပါသေးတယ်။ လူငယ်တွေအတွက် စဉ်းစားရင် ဒါဟာ စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ မှန်ကန်တဲ့ တိုက်တွန်းချက်တွေပါပဲ။
တကယ်တော့ အိပ်မက်တွေချည်း မက်ပြီး၊ ဖြစ်ချင်တဲ့စိတ်တွေ သိပ်ပြင်းပြနေပေမဲ့ လက်တွေ့မှာ ဘာမှမလုပ်ဖြစ်ဘူး ဆိုရင်တော့ စိတ်ကူးယဉ်သမားသက်သက်ပဲ ဖြစ်သွားပါလိမ့်မယ်။ ဒီတော့ အိပ်မက်တွေ ရှိပြီ၊ ပြင်းပြတဲ့ ဆန္ဒတွေလည်း ရှိပြီဆိုရင် ဘာတွေဆက်လုပ်ကြမလဲ ဆိုတဲ့ လုပ်ငန်းစဉ် (Process) လေးတွေ ချကြည့်ကြရအောင်နော်။
- ၁။ အိပ်မက်ကြီးကြီးမက်ပါ။ (Dream big)
- ၂။ ပြင်းပြတဲ့ ဆန္ဒတွေရှိပါ။ (Burning desire)
- ၃။ အိပ်မက်တွေကို ပတ်ဝန်းကျင်ကို ပြောပြပါ။ (Talk loud)
- ၄။ ဓားသွေးလိုက်ပါ။ (Sharpening your brain)
- ၅။ ပြောတဲ့အတိုင်း လက်တွေ့လုပ်ပါ။ (Walk the talk)
- ၆။ ကျရှုံးမှာကို မကြောက်ပါနဲ့။ (Learn from the failures)
- ၇။ လမ်းဆုံးရောက်အောင် သွားပါ။ (Stand firm with perseverance)
- ၈။ လောကဒဏ်ကို ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားပါ။ (Strength of will & endurance)
- ၉။ ပညာလို အိုသည်မရှိ။ (Life Long learning)
- ၁၀။ နယ်ပယ်ချဲ့ထွင်ပါ။ (Widen your network)
အဆင့် ၁ မှ ၃ ကတော့ ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်အင်အား မြှင့်တင်ပေးတဲ့ အဆင့်ပါ။ စီမံခန့်ခွဲမှု (Management) ရှုထောင့်ကနေ ကြည့်ရင် ဒါဟာ လုပ်ငန်းစီမံချက် (Planning) ရေးဆွဲခြင်း — ရည်မှန်းချက်နဲ့ အမြင် (Missions & Visions) ချမှတ်တာ ဖြစ်ပါတယ်။ အဆင့် ၄ မှ ၆ ကတော့ လက်တွေ့ အကောင်အထည်ဖော်ခြင်း (Implementation) အပိုင်း ဖြစ်လာပါပြီ။ အဆင့် ၆ ဟာ အရေးကြီးပါတယ် — ကိုယ့်လုပ်ဆောင်ချက်တွေကို ပြန်လည်သုံးသပ်ပြီး အောင်မြင်မှု၊ ဆုံးရှုံးမှုတွေကို စိစစ်ကာ လိုအပ်ရင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရပါမယ်။ ဒါကို Management သဘောအရ တည့်မတ်ပေးခြင်းနှင့် ထိန်းသိမ်းခြင်း (Alignment & Control) လို့ ခေါ်ပါတယ်။ ကျန်တဲ့ အဆင့် ၇ မှ ၁၀ အထိကတော့ ပန်းတိုင်ဆီ အားသွန်ခွန်စိုက် သွားနေချိန်မှာ လိုအပ်တဲ့ ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ခြင်း (Personal Development) ပဲ ဖြစ်ပါတယ်။
လူငယ်တွေနဲ့ ဆွေးနွေးဖြစ်တိုင်း ကျွန်မ အမြဲ ယုံကြည်တာက — "Dream big" ဆိုတဲ့ ဦးတည်ချက် (Ends) ကို ရောက်ဖို့ဆိုရင်၊ အဲဒီကို သွားမယ့် နည်းလမ်းနဲ့ အရင်းအမြစ်များ (Means) ခိုင်မာဖို့ လိုအပ်တယ် ဆိုတာပါပဲ။ လက်တွေ့မှာ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အရင်းအမြစ်တွေဟာ အောင်မြင်မှုအတွက် အရေးအကြီးဆုံး Means တွေ ဖြစ်နေတတ်ပါတယ်။
အမှန်ကတော့ ဒီသဘောတရားတွေဟာ ပဋ္ဌာန်းတရားတော်က ဣဒ္ဓိပါဒ် ၄ ပါး နဲ့ ထပ်တူကျနေတာကို တွေ့ရပါတယ် —
- ဆန္ဒ (Chanda) — ပြင်းပြသော အလိုဆန္ဒ → Big dream & Burning desire
- ဝီရိယ (Viriya) — လုံ့လဝီရိယ → Initiative & Effort
- စိတ္တ (Citta) — ထက်သန်သော ဇွဲစိတ် → Perseverance & Endurance
- ပညာ (Panna) — ထက်မြက်သော ပညာ (ဝီမံသ) → Knowledge & Intelligence
ဒါကြောင့် ကျွန်မ ထင်တာက လူငယ်တွေအနေနဲ့ ဘာသာရေး အဆုံးအမတွေထဲက တိုးတက်ရာ တိုးတက်ကြောင်းတွေကိုပါ လက်တွေ့ဘဝမှာ မှန်မှန်ကန်ကန် အသုံးချနိုင်ဖို့ပါပဲ။ အထက်က လုပ်ငန်းစဉ်တွေကို နောက်လာမယ့် ဆောင်းပါးတွေမှာ တစ်ခုချင်းစီ အသေးစိတ် ဆက်လက် ဆွေးနွေးသွားပါမယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။